



ကျွန်တော်သည် ၂၅.၁၁.၂ဝ၁၃ ရက်နေ့၌
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ “စေတနာ” လူမှုကူညီရေး အသင်း၏ (၉) နှစ်ပြည့်
နှစ်ပတ်လည်အထိမ်းအမှတ် စာပေဟောပြောပွဲအခမ်းအနားအား
“ဗြဟ္မစိုရ်ခြေလှမ်း များ” ခေါင်းစီးဖြင့် ပရဟိတဟောပြောပွဲအတွက်
ရောက်ရှိခဲ့သည်။ ယင်းခရီးစဉ်တွင် ကရင်ပြည်နယ် အရပ် ဒေသရှိ တိုင်းရင်းသား
ညီအစ်ကိုမောင်နှမများ၊ DKBA စခန်း၊ ငြိမ်းချမ်းရေးယူထားသော DKBA စခန်းနှင့်
ပရဟိတအဖွဲ့သားများနှင့် ရင်းနှီးနွေးထွေးပျူငှာစွာ တွေ့ဆုံခဲ့ရသည်။
အားလုံးသော တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့်
တိုင်းရင်းသားခေါင်းဆောင်များ၏ စိတ်ဆန္ဒတို့သည် လူသားချင်းစာနာထောက်ထားသော၊
ကိုယ်ချင်းစာတရားရှိသော၊ ဗြဟ္မစိုရ်တရား (၄) ပါးအား လက်ကိုင်ပြုထားသော၊
ကိုယ်ကျိုးစွန့် အနစ်နာခံ ပေးဆပ်သည့် ပရဟိတလုပ်ငန်းရပ်အား စိတ်ဝင်တစား
အကောင်အထည်ဖော် လုပ်ဆောင်နိုင်ရန်အတွက် စိတ် ဆန္ဒများ ပြင်းပြလျှက်ရှိသည်ကို
ကျွန်တော်တွေ့မြင်ခဲ့ရသည့်အတွက် များစွာဝမ်းမြောက်ပီတိ ဖြစ်ခဲ့ရပါတော့ သည်။
မြဝတီမြို့ရှိ စေတနာ လူမှုကူညီရေးအသင်းရုံးချုပ်သို့
ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အဖွဲ့သားများ ဝင်ရောက်သွားခဲ့စဉ်
လူမှုရေးသမားများ သိုက်သိုက်ဝန်းဝန်း နွေးထွေးပျူငှာစွာဖြင့် ပန်းစီးများ၊
ပန်းကုံးများ၊ ကြွေးကြော်သံများဖြင့် ကြိုဆိုမှုသည် ကြက်သီးမွှေးများ
ထလောက်အောင် အံ့မခန်းဖြစ်ခဲ့ရသည်။ “စေတနာ” လူမှုကူညီရေးအသင်း၏ (၉) နှစ်ပြည့်
နှစ်ပါတ်လည်အခမ်းအနားအား နံနက် (၉းဝဝ) နာရီအချိန် တွင်
ကျင်းပပြုလုပ်ခဲ့သည်။ ယင်းနှစ်ပါတ်လည်ပွဲ အခမ်းအနား ပြီးဆုံးသွားသောအခါ
ကြွရောက်လာကြသော ဧည့်သည်တော်များ၊ အနီးအနားမြို့၊ ရွာများရှိ
ပရဟိတအသင်းအဖွဲ့များ၊ မဲဆောက်မြို့ရှိ လူမှုရေးအသင်းအဖွဲ့ များနှင့် “စေတနာ”
လူမှုကူညီရေးအသင်းမှ လူမှုရေးသမားများတို့နှင့် အမှတ်တရဓါတ်ပုံရိုက်ခြင်း၊
မိတ်ဆက် စကားများ ပြောဆိုခဲ့သည်။ ထိုသို့ ပြုလုပ်နေစဉ် “စေတနာ”
လူမှုကူညီရေးအသင်း ဥက္ကဌ ဦးလှထွန်းမှ အသင်းသူတစ်ဦးနှင့် မိတ်ဆက်ပေးခဲ့သည်။
ကျွန်တော်အလွန် အံ့သြဝမ်းသာမိတော့သည်။ အကြောင်းမှာ
ကျွန်တော်ရုပ်ရှင်လောကတွင် ရပ်တည်နေစဉ်အချိန်က ကျွန်တော် ပထမဦးဆုံး
ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ သည့် “ကောင်းချစ်တဲ့မမ”
ရုပ်ရှင်ဇာတ်ကားကြီးအတွက် ကျွန်တော်နှင့်အတူ ရုပ်ရှင်မင်းသမီးကြီး
ခင်သန်းနုနှင့် တွဲဖက် ရိုက်ကူးရမည့် မင်းသမီးအသစ်တစ်ဦးအား ပရိသတ်နှင့်
မိတ်ဆက်ပေးခဲ့ဖူးသည်။ ထိုမင်းသမီး အသစ် သည်လည်း ထိုဇာတ်ကားဖြင့်
အများပြည်သူတို့ အားပေးခြင်းကိုခံခဲ့ရသည်။ အများပြည်သူတို့အားပေး၊ လက်ခံ
ခဲ့သော ထိုမင်းသမီးသစ်၏ အမည်အားလည်း ဆရာကြီးမင်းသိင်္ခနှင့် ကျွန်တော်တို့
မှည့်ပေးခဲ့သည်။ သူမ၏ သရုပ်ဆောင်အမည်မှာ “စုမြတ်နိုင်” ပင်ဖြစ်တော့သည်။
ယခု ကျွန်တော့်ရှေ့မှောက်တွင် တွေ့ရှိနေရသော “စေတနာ” လူမှုကူညီရေးအသင်းရှိ
အသင်းသူ၏ အမည်မှာလည်း “စုမြတ်နိုင်” ပင်ဖြစ်နေသည်။ သို့သော် သူမသည်
ကျွန်တော်တင်ခဲ့သော မင်းသမီး မဟုတ် ချေ။ လူမှုရေးသမား၊ ပရဟိတမယ်ကလေး
“မစုမြတ်နိုင်” ဖြစ်သည်။ သူမ၏ အသက်သည် (၈) နှစ်သာရှိသေး သည်။ သူမသည် အသက်
(၆) နှစ် အရွယ်ကတည်းက သူမ၏ မိခင်နှင့်အတူ မြဝတီမြို့ “စေတနာ” လူမှုကူညီ
ရေးအသင်း” တွင် လာရောက်၍ လုပ်အားပေးနေသူ တစ်ဦးလည်းဖြစ်သည်။ သူမနှင့်အတူ
သက်တူရွယ်တူ သူငယ်ချင်းဖြစ်သူ တစ်ဦးကိုလည်း တွေ့ရှိခဲ့ရသည်။ သူတို့သည်
အသက်ငယ်ပင် ငယ်ငြားသော်လည်း ပရဟိတ စိတ်ဓါတ်များ ရှင်သန်နိုးထနေသော
မျိုးဆက်သစ် အမျိုးသမီးခေါင်းဆောင်များ ဖြစ်လာမည့် ပရဟိတ ဇာနည် ဘွားများပင်
ဖြစ်တော့သည်။ ကျွန်တော်သည် ထိုသမီးငယ်လေးနှင့် မြင်တွေ့မိသည့်အချိန်မှစ၍
ထိုသမီးငယ် လေး၏ အကြောင်းကိုသာ စဉ်းစား၊ တွေးတောနေမိတော့သည်။ သူမအားလည်း
ကျွန်တော့်၏ သမီးငယ် ကလေးကဲ့သို့ ရင်းနှီးဖော်ရွေစွာဖြင့် စကားများပြောဆို
မေးမြန်းမိတော့သည်။ သမီးငယ်လေး “စု” ၏ အကြောင်းကို ကျွန်တော့်အား “စေတနာ”
လူမှုကူညီရေးအသင်း ဥက္ကဌ ဦးလှထွန်းနှင့် တကွ ပါတ်ဝန်းကျင်မှ ပြောကြား၍
ကျွန်တော်သိခဲ့ရသည်။
သမီးလေး “စု” သည် သာမာန်သက်တမ်းကုန်၍
ဘဝတစ်ပါးသို့ ပြောင်းသွားရသော လူသေအလောင်း များအပြင် ဆွဲကြိုးချ၊
ဆိုက်ကယ်မှောက်၊ ကားတိုက်၊ ရေနစ်စသည့် မှုခင်းဆိုင်ရာများဖြစ်သော
အလောင်းများ အားလည်း ကိုယ်တိုင်ကိုယ်ကျ သင်္ဂြိုဟ်ပေးခြင်းကို
ပြုလုပ်ပေးဆပ်လျှက်ရှိသည်။ အချို့ ရက်ကြာမြင့်ပြီး
ပုပ်ပွနေသောအလောင်းများကိုပင်
လူကြီးများတို့မှ လုပ်ဆောင်မှုမပြုရန် တားမြစ်နေသည့်ကြားမှ မရမက
လိုက်လံပို့ဆောင် သင်္ဂြိုဟ်ပေးနေသော သတ္တိခဲ ပရဟိတမယ်လေးလည်းဖြစ်သည်။
ထို့အပြင် ကျွန်တော်တို့ ရန်ကုန်မြို့တွင် သေဆုံးသောအလောင်းများအား ဆေးရုံ၊
နေအိမ်မှ အစိုးရသုဿန်ရှိ ရေခဲတိုက်များသို့ ပို့ဆောင်ပေးပြီးမှ
အစိုးရစည်ပင်သာယာအဖွဲ့မှသာ အလောင်းအားရေဆေးခြင်းကို ပြုလုပ်ပေးသော်လည်း
မြဝတီမြို့ရှိ “စေတနာ” လူမှုကူညီရေးအသင်းသည်ကား သေဆုံးသွားသော
ရုပ်အလောင်းများအား ကိုယ်တိုင် ကိုယ်ကျ ရေချိုးသန့်စင်ပေးပြီးမှ
သုဿန်များသို့ သယ်ဆောင်သင်္ဂြိုဟ်ပေးမှု အခွင့်အလမ်းရရှိထားသည်။ ထိုသို့
မည်သည့်အကြောင်းကိစ္စနှင့်မဆို
ဘဝတစ်ပါးသို့ ပြောင်းလဲသွားသော ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် သေဆုံးသွား သော
ရုပ်အလောင်းများအား သမီးငယ်လေး “စု” သည် သူတာဝန်ကျသည့် နေ့ရက်တွင်
သူကိုယ်တိုင် ရေချိုး သန့်စင်ပေးမှုကို ကိုယ်တိုင်ကိုယ်ကျ
လုပ်ဆောင်ပေးနေသူဖြစ်ကြောင်းလည်း
သိရှိခဲ့ရသည်။ အကယ်၍ ပုံပျက် နေသော ရုပ်အလောင်းများအား ကလေးတစ်ဦးအနေဖြင့်
သယ်ဆောင်ခြင်း၊ ရေချိုးပေးခြင်းတို့ကို မလုပ်သင့် ကြောင်း လူကြီးများမှ
တားမြစ်ခဲ့သောအခါ သမီးငယ်လေး “စု” သည် စိတ်ကောက်ကာ မျက်ရည်များပင် ကျသည်အထိ
ဖြစ်ခဲ့ရသည်။ သမီးငယ်လေး “စု”သည် နာရေးလမ်းကြောင်းများ များပြား၍
ထမင်းစားချိန် ကျော်လွန်သွားသောအခါတွင်လည်း
ကြုံရာနေရာ၊ ရောက်ရာသုဿန်အုတ်ဂူများ၊ ဇရပ်များထဲတွင် မိမိစားရ မည့်
ထမင်းဟင်းများအား မြိန်ရည်ယှက်ရည် စားသောက်သော အမျိုးသမီးငယ်လေးတစ်ဦးလည်းဖြစ်သည်။
သူမ “စုမြတ်နိုင်” အား မွေးဖွားသန့်စင် ပျိုးထောင်ပေးခဲ့သော သူမ၏ မိခင်၊
ဖခင်တို့အားလည်း ကျွန်တော် လေးစားဂုဏ်ယူမိပြန်သည်။ ထို့ကြောင့်
ကျွန်တော်သည် သမီးလေး “စုမြတ်နိုင်” အကြောင်း တွေးတောမိ တော့သည်။
သမီး “စုမြတ်နိုင်”သည် ဗြဟ္မစိုရ်တရားကို ရဲရဲဝံ့ဝံ့ လက်ကိုင်ပြုကျင့်သုံးနေသော သူတစ်ဦးဖြစ်သည်။
သမီး “စုမြတ်”သည် အယူသီးမှုကို တိုက်ဖျက်နေသော လူမှုရေးသူရဲကောင်း တစ်ဦးဖြစ်သည်။
သမီး “စု”သည် ပရဟိတစံပြ အာဇာနည်မယ် တစ်ဦးလည်းဖြစ်တော့သည်။
“စု” မျက်ရည်သည် လူသားချင်းစာနာထောက်ထားသော စိတ်ဖြင့်နှလုံးသားမှတစ်ဆင့် မျက်ဝန်းမှ ကျဆင်းလာသော ဗြဟ္မစိုရ်မျက်ရည်စများပင် ဖြစ်တော့သည်။
(ဤ ဖြစ်ရပ်မှန်ဆောင်းပါးနှင့် မြဝတီမြို့ “စေတနာ” လူမှုကူညီရေးအသင်း ဥက္ကဌ ဦးလှထွန်းနှင့်တကွ အလုပ်အမှုဆောင်များ၊ အသင်းသူ/သားများနှင့်တကွ
ပရဟိတမယ်လေး “စုမြတ်နိုင်” နှင့် သူမ၏ မိဘနှင့် သူငယ်ချင်းများဖြစ်သော
မျိုးဆက်သစ်ပရဟိတကလေးငယ်များ အားလုံးတို့အပြင် မြန်မာပြည်တွင်းရှိ ပရဟိတ
လုပ်ငန်းများအား ရဲရဲဝံ့ဝံ့ ပေးဆပ်ကူညီ ဖေးမပေးနေသော လူမှုရေးသမားများ၊
လူမှုရေးအဖွဲ့အစည်းများ အားလုံးတို့အား လေးစားစွာ
ဂုဏ်ပြုဦးညွှတ်လိုက်ရပါသည်။)
ကျော်သူ

စုမြတ်နိုင် ၏ ပေးဆပ်မှု
0 comments:
Post a Comment